မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
ရဲလေး
တစ်ချို့သော အနုပညာရှင်များသည် တစ်ကိုယ်တော်အခွေ ( Single Album ) ထွက်ခါမှ ပရိတ် သတ်ရဲ့သတိပြုခြင်းကို ခံရပြီးအောင်မြင်သော အနုပညာရှင်တစ်ယောက် ဖြစ်လာတတ်ကြပါတယ်။ တစ်ချို့ကတော့ တစ်ကိုယ်တော်အခွေ မထွက်သေးသော်လည်း အောင်မြင်မှုကို ခံစားနေရသော၊ ပရိတ်သတ်အားပေးလက်ခံမှုကို ခံစားရတတ်ပါတယ်။ ဒီလို တစ်ကိုယ်တော်အခွေ မထွက်ခင်က တည်းက ပရိတ်သတ်ရဲ့အားပေးမှုကို ခံရသူတစ်ယောက်ကတော့ ရဲလေးပဲဖြစ်ပါတယ်။ ရဲလေးဟာ သူ့ရဲ့တစ်ကိုယ်တော် အခွေဖြစ်တဲ့ ကျွန်တော်နှင့်သက်ဆိုင်သော အခွေမထွက်ခင်ကတည်းကပင် ရူးအောင်ချစ်မိသူ ဆိုသောအခွေတွင် Bambino နဲ့တွဲဖက်သီဆိုခဲ့သော ပြောမထွက်ခဲ့သူ သီချင်းဖြင့် ပရိတ်သတ်၏ အားပေးလက်ခံမှုကို စတင်ရရှိခဲ့လေသည်။
ရဲလေးသည် Adapter ဆိုသောအဖွဲ့နာမည်နှင့် အခွေတစ်ခွေထွက်ရှိခဲ့လေသည်။ ထိုအခွေ ထဲတွင် ဘိုလေးနှင့်တွဲဖက်ကာ သီချင်းများသီဆိုခဲ့လေသည်။ ထို့အပြင် တခြားသောအခွေများတွင် လည်း ပါဝင်ကာသီဆိုခဲ့လေသည်။ ရဲလေးပါဝင်သီဆိုခဲ့သောအခွေများမှာ တကယ့်အဖြစ်အပျက်၊ ပေးဦးနော်၊ ရူးအောင်ချစ်မိသူ စသောအခွေများတွင် ဖြစ်လေသည်။ ၂၀၀၅ ခုနှစ်သည် ရဲလေး အတွက် အောင်မြင်မှုများစတင်လာသောနှစ်ဟု ပြောရမည်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၅ ခုနှစ်တွင် သူ့၏အနုပညာနှင့်ပတ်သက်၍ မှတ်တိုင်များစိုက်ထူနိုင်ခဲ့သောကြောင့် ဖြစ်လေ သည်။ ပထမဆုံးအခွေဖြစ်တဲ့ " ကျွန်တော်နှင့်သက်ဆိုင်သော " သည် ဤ ၂၀၀၅ ခုနှစ်အတွင်းမှာ ပင်ထွက်ရှိခဲ့လေသည်။ ထို့ပြင် ထိုအခွေထဲတွင်ပါဝင်သော ထိပ်ဆုံးမှာအမေ ဆိုသော သီချင်းသည် ရဲလေးကို ပိုမို၍အောင်မြင်စေခဲ့သည်။
ရဲလေးသည် အုပ်စုအခွေများနှင့် Live Show အခွေများတွင်လည်း ပါဝင်ကာ သီဆိုခဲ့လေသည်။ ထိုအခွေများထဲမှ 2005 Rock & Rap Live Show၊ မင်းအတွက်၊ ချစ်သူ့လက်ဆောင်၊ Angel နှင့် 9 Night အခွေများဟာ ပရိတ်သတ်ကြားတွင် အောင်မြင်မှုများရရှိခဲ့လေသည်။ ထို့ပြင် ရပ်ကွက် အထာ ဆိုသော အခွေမှာလည်း Hip Hop လူငယ်ထုအတွက် စိတ်ချမ်းသာစရာအခွေ တစ်ခွေ ဖြစ်ခဲ့လေသည်။ ရဲလေး၏ ဒုတိယအခွေဖြစ်သော အိမ် သည်လည်း ပရိတ်သတ်၏ အားပေး မှုကို ခံရသောအခွေဖြစ်လေသည်။ ထိုအိမ်အခွေထဲမှ မိုးသီချင်းသည် ကျွန်တော်တို့၏ ရင်ခုန်သံ FM အစီ အစဉ်တွေ လူကြိုက်များသောသီချင်းတစ်ပုဒ်အဖြစ် ပါဝင်နေရာယူခဲ့လေသည်။
ထို့သို့အခွေများကို သီဆိုနေရင်း တစ်ဘက်ကလည်း သရုပ်ဆောင်ဘက် တွင်ပါဝင်ကာ အသုံး တော်ခံခဲ့လေသည်။ နေတစ်ခြမ်း၊ လတစ်ခြမ်းကားတွင် ရဲလေးသည် စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုဝေ၊ ပြည့်ဖူးခိုင်တို့နှင့်အတူတွဲ၍ သရုပ်ဆောင်ခဲ့လေသည်။ ထို့ပြင် နှင်းဆီသခင် အငြိမ့်တွင်လည်း လူရွှင်တော်အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့လေသည်။ ထို့ပြင် နိုင်ငံတော်ကားတစ်ကားဖြစ်သော " အမိကောင်းကင်၊ ကြယ်စင်မောင်နှမ "ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ ထိုကားထဲမှ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်သော ငါမသိဘူး ဆိုသောသီ ချင်းမှာလည်း အောင်မြင်သော သီချင်းတစ် ပုဒ်ဖြစ်ခဲ့လေသည်။ အခုလတ်တလောအချိန်တွင် ရဲလေးသည် သူ၏ပထမဆုံးသော Live Show အခွေဖြစ်သော Ye Lay First Live Concert ကိုထွက်ရှိထားလေသည်။ နောက်နောင် ကိုရဲလေး တစ်ယောက် ဒီထက်ပို၍ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။